တရုတ်ပြေးမင်း(နရသီဟပတေ့) လက်ထက် အဖြစ်အပျက်များ



မိဖုရားစောလုံ

ပုဂံပြည် တရုတ်ပြေးမင်း (၆၁၇ - ၆၄၈) သည် တစ်ခါသော် ရေကစားပွဲ၌ ကျီစယ်သောအားဖြင့် မောင်းမငယ် တစ်ယောက်အား မိဖုရားစောလုံကို ဆံပင်နှင့်တကွ တစ်ကိုယ်လုံးရွှဲအောင် ရေဖျန်းပက်စေ၏။ စိတ်ဆတ်သော စောလုံသည် အလွန်ရှက်နာခြင်းဖြစ်၍ မင်းကြီး၏ စားတော်တွင် အဆိပ်ခတ်လေ၏။ မင်းကြီးစားခါနီးတွင် အောက်က ခွေး ချေလေလျှင် နိမိတ်မကောင်းဟု ချက်ချင်းမစားဘဲ ခွေးအား
ကျွေးကြည့်၏။ ခွေးလည်း စားသောခဏ၌ သေလေ၏။

စစ်မေးသော် စောလုံသည် မကွယ်မထောင့်ဘဲ" ဟယ် ပန်းပွတ်သည်မြေး နင်သည် ငါ့ကို အများရှေ့တွင် အရှက်ခွဲသည်ကို စိတ်နာ၍ ငါကြံသည် " ဟု ဆိုလေ၏။ တရုတ်ပြေးမင်းသည် မင်းမျိုးအစစ် မဟုတ် ၊ ပန်းပွတ်သည်၏ မြေးဖြစ်သည်။ ဤသို့ အမျိုးကို ထိခိုက်၍ ဆိုသည်ကို မင်းကြီး အလွန် နာကြည်းအမျက်ထွက်၍ စောလုံကို သံကျပ်စင်တွင် ဖိုထိုး၍ သတ်လေဟု အမိန့်ပေးလေ၏။ သံကျပ်စင် ဆောက်နေစဉ် ခုနစ်ရက်အတွင်း စောလုံသည် သီလဆောက်တည်၍ အဘိဓမ္မာတရားကို နာယူပြီးလျှင် ဂုဏ်တော်ကို အမြဲ ပုတီးစိတ်လေ၏။ ရက်စေ့၍ သံကျပ်စင် ရဲရဲထက်သို့ မကြောက်မရွံ့ တက်သောအခါ မီးသုံးကြိမ် သေလေသည်။ သုံးကြိမ်စေ့မှ ငါသည် " ခဏချင်း ကျွမ်းစေသော " ဟု ဓိဋ္ဌာန်ပြု၍ သေလေ၏။

စောလုံ သေပြီးနောက် မင်းကြီးသည် နောင်တကြီးစွာရ၍ စက်တော်ခေါ်ရာမှပင် " စောလုံ စောင့်ပါခလှည့် ၊ စောင့်ပါခလှည့် " ဟု မြည်တမ်းမိလေ၏။ နောက်မှ မိဖုရားစောနှင့် ဆရာတော်တို့က တရားပြ၍
နှစ်သိမ့်စေ၏။ ထိုအခါမှစ၍ မင်းကြီးက " နောင်အခါ ငါက သေစေ ဆိုသော်လည်း ၁၀ ရက် ၁၅ ရက်ထား၍ စစ်ကြောကြရမည်။ သေတန်မှ သေပါစေ " ဟု မိမိဦးရီးတော်သူ သိမ္မစည်းအား မှာကြားတော်မူလေသတည်း။

အမှုထမ်းကောင်း အုတ်လှအကြောင်း
ပုဂံပြည် နရသီဟပတေ့မင်းကြီး၏ အမတ်ပညာရှိကြီး ရာဇသင်္ကြံတွင် ပုဂံအုတ်လှကြီး ၊ ညောင်ဦး အုတ်လှငယ် ဟူ၍ သားနှစ်ယောက် ရှိ၏။ အဖ အနိစ္စ ရောက်သောအခါ အဖ၏ အမည်ကို လုကြရာ မင်းကြီးက " အမည်သည် လိုရင်းမဟုတ် ၊ သတ္တိ အရည်အချင်းသာ လိုရင်း ဖြစ်သည် ၊ အမည်ကို မလုကြနှင့် " ဟု ဆို၍ အကြီးကို ' အနန္တပစ္စည်း ' ၊ အငယ်ကို ' ရ န္တပစ္စည်း ' ဘွဲ့အမည် ပေးတော်မူ၏။ ဤတွင် အုတ်လှငယ် အကြောင်းကာ တစ်ခါသော် ရခိုင်ပြည်ဘက် မစ္ဆဂီရိ အရပ်၌ ပုန်ကန်သည်ကို နှိမ်နင်းရာ ရာဇသင်္ကြံပါ စစ်သူကြီး လေးယောက်ကို မှူး၍ စေလွှတ်လိုက်၏။

မစ္ဆဂီရိစားလည်း မခံနိုင်၍ အညံ့ခံပြီးလျှင် အသက်ကို လွှတ်ပါဟု အခွင့်တောင်းလာ၏။ ထိုအကြောင်းကို ရာဇသင်္ကြံသား အဆိုပါ အုတ်လှငယ်ကို သံတော်ဦးတင် စေလွှတ်၍ အုတ်လှငယ်သည် စလင်းသို့ ရောက်လျှင် နေ့ညမရွေး လှေဖြင့် ဆန်လေ၏။ မင်းကြီးလည်း " စစ်က ဆက်စာတမန် မရောက် ကြာလေသည် " ဟု လေသာပြတင်းက ကြည့်မျှော်သော် အဝေးမှ ရွက်တိုက်လာသည့် လှေကို မြင်တော်မူလျှင် စစ်က လွှတ်လိုက်သော သံလှေ ဖြစ်တန်ရာသည်ဟု စစ်အကြောင်းကို အလျင်သိလိုဇောနှင့် မေးစေ၏။ အုတ်လှကား စစ်အကြောင်းကို မလျှောက် ၊ ကျွန်တော် အုတ်လှ လာသည် ဟူ၍သာ လျှောက်လိုက်၏။ မင်းကြီးက " ငါ ကြောင့်ကြ တော်မူ၍ အလျင်အမြန် မေးစေသည်ကို ဤသို့ လျှောက်ရသလော ၊ ငအုတ်လှကို သတ်လေ " ဟု သူသတ်ကို စေတော်မူ၏။

သူသတ်တို့ ဓားဖွေးဖွေးနှင့် လှေသို့ တက်လာမှ အကြောင်းကို သိရသော် " စစ်ရေး သာကြောင်းကို
လျှောက်ပါရစေဦး " ဟု ဆို၏။ သူသတ်တို့လည်း မင်းကြီးအား လျှောက်သော် " အုတ်လှငယ် လာစေဦး " ဟု ဆို၏။ သူသတ်တို့လည်း မင်းကြီးအားလျှောက်သော် " အုတ်လှငယ် လာစေဦး " ဟု မိန့်တော်မူပြန်သည်။
ရှေ့တော်သို့ ရောက်သော် မိမိ၏ ဦးခေါင်း၌ ပေါင်းထုပ်ထားသော အဝတ်ကို ချွတ်ဖွင့်လေ၏။ ဆံပင်များ အထွေးထွေး ကျွတ်၍ ကျလေသည်။ ကျသော ဆံပင်မှာလည်း သန်းနှင့် ကျိကျိ ရှိသည်ကို မင်းကြီးမြင်စေပြီးမှ " အရှင့်အမှုတော်ကို ဦးဆွေးဆံမြည့် ထမ်းပါသည် ၊ အရှင် မြင်တော်မမူပါ ၊ အလွယ်တကူ မလျှောက်သာ
သောကြောင့် ကျွန်တော် မလျှောက်လိုက်ခြင်း ဖြစ်ပါသည် " ဟုလျှောက်လေ၏။ ထိုအခါမှ မင်းကြီးက ဟုတ်မှန်လှပေသည်ဟု ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းတော်မူ၍ ရေမိုးချိုး ၊ နံ့သာလိမ်း ၊ အဝတ်ကောင်းဝတ် ၊ အစားကောင်း စားစေပြီးမှ စစ်အကြောင်းကို လျှောက်စေ၏။ စစ်အကြောင်းကို ကြားရသော် " မစ္ဆဂီရိစားမှ စ၍ တစ်မြို့လုံးကို သစ္စာပေးပြီးလျှင် သားနှင့် ညီတို့ကို ပုဂံသို့ ယူခဲ့စေ " ဟု အမိန့်တော် ချမှတ်လိုက်
လေသတည်း။

မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာ (ဦးဖိုးကျား) မှ