ကွန်ပျူတာသုံးသူများ သတိထားစရာ



လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က အတိတ်ကို စာရေးသူ သတိရမိပါသည်။  ဖန်သားမျက်နှာပြင် ကျဉ်းကျဉ်းလေးနှင့် နို ကီရာ (Nokia) လက်ကိုင် ဖုန်းလေးကို မြတ်မြတ်နိုးနိုး ကိုင်ခဲ့ရဖူးသည်။ ထိုခေတ်က တယ်လီဖုန်းနှင့် အင်တာနက် သုံးနိုင်သည်ဆိုသည်မှာ နိုင်ငံခြားရောက်မှသာ ဖြစ်သည့်ခေတ် ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် ကွန်ပျူတာသည် ခေတ် စားခဲ့သည့် အရာဖြစ်နေပြီမို့ ကွန်ပျူတာနှင့်ပိုပြီး ထိတွေ့မှုများခဲ့ပါသည်။

ထို့ကြောင့် နောက် ၁၀ နှစ်ကျော်အကြာ ၂၀၁၅ ခုနှစ်သည် ပြောင်းလဲမှုများစွာနှင့် နည်းပညာခေတ်၊ အိုင်တီခေတ်၊ အင်တာနက်ခေတ် တစ်ခုဖြစ်လာခဲ့ပြီ။ ထိုအခါ စဉ်းစားစရာ ဖြစ်လာသည်က ထိုသို့တိုးတက်မှုသည် စာရေးသူတို့အတွက် ကျန်းမာရေး ရှုထောင့်အတွက် မည်သည့် လက္ခဏာတစ်ခု ဖြစ်လာသနည်း။ နည်းပညာတိုးတက်မှုကြောင့် ဆိုးကျိုးများလည်း ရှိနေနိုင်ပါသလား။ ဘယ်လိုဆိုးကျိုးရှိရှိ စာရေးသူကိုယ်တိုင်လည်း ကွန်ပျူတာ မသုံးဘဲ၊ မိုဘိုင်းဖုန်းမသုံးဘဲ နေနိုင်မှာ မဟုတ်သည်မို့ သိထားလျှင် သတိရှိမည် ဆိုသည့်အတိုင်း ကျန်းမာရေး ရှုထောင့်မှတစ်ဆင့် အတန်ငယ် တင်ပြလိုပါသည်။

စာရေးသူဖတ်ဖူးသမျှထဲမှာ ကွန်ပျူတာ၊ တယ်လီဖုန်း သုံးစွဲမှုများကြောင့် တိုက်ရိုက်မျက်လုံးကို ချက်ချင်းထိခိုက်စေသော တင်ပြမှုမျိုး ရှားပါးသည်ကို တွေ့ရပါသည်။ သို့သော်လည်း ရောဂါအမည်တစ်ခု ပေးထားတာကိုတော့ တွေ့မိသည်။ Computer Vision Syndrome ဟု ခေါ်ပါသည်။ ကွန်ပျူတာ ဖန်သားပြင်ကို ကာလကြာရှည်စွာ ကြည့်ပြီး အလုပ်လုပ်ရသည့်သူများနှင့် သက်ဆိုင်ပြီး ရောဂါတစ်ခုအနေနှင့် တိတိကျကျ နာမည်တစ်ခုတော့ မဟုတ်ပါ။

Computer Vision Syndrome ဆိုသည်မှာ

လက်ရှိလေ့လာမိသလောက် ဆိုရမည်ဆိုလျှင် Computer Vision Syndrome သည် မျက်လုံးညောင်းခြင်း၊ မျက်လုံးအောင့်ခြင်း၊ မျက်လုံးခြောက်သွေ့ပြီး နီရဲခြင်း၊ မျက်စိအမြင် ဝေဝါးခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းနှင့်ခါးများ ကိုက်ခဲခြင်း စသည့် လက္ခဏာများ တစ်ခုမဟုတ်တစ်ခု ဖြစ်နိုင်သည့် Syndrome တစ်ခု ဖြစ်ပါသည်။ သို့သော် ကွန်ပျူတာ ကြာရှည်သုံးစွဲမှုနှင့် ကင်ဆာတိုက်ရိုက် ဆက်စပ်မှုရှိမရှိ သုတေသန အဖြေ တိတိကျကျ အဖြေရှာမရသေးသည့်အတွက် ကင်ဆာဖြစ်မလား ဆိုသည်ကိုတော့ ပြောရခက်သည်ဟု ဖြေရမည် ထင်သည်။

Computer Vision Syndrome ဘာကြောင့် ဖြစ်ရပါသလဲ

Computer Vision Syndrome ဖြစ်လာရခြင်းသည် ထပ်ခါတလဲလဲ မျက်လုံးဒဏ် ဖြစ်လာရခြင်းနှင့် တူသည်ဟု ခိုင်းနှိုင်းထားကြပါသည်။ ထို့ကြောင့် ကွန်ပျူတာသုံးပြီး အလုပ်လုပ်ချိန် ကြာလာသည်နှင့်အမျှ လက္ခဏာများလည်း ပိုဆိုးလာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကွန်ပျူတာ တစ်လုံးရှေ့တွင် ထိုင်ပြီး အလုပ်လုပ်ရန်အတွက် မျက်လုံးသည် အချိန်ပြည့် မြင်ကွင်း ကြည်လင်စေရန် Focus လုပ်၊ အာရုံစိုက်ပေးထားရသည်၊ ရှေ့၊ နောက်၊ အနီး၊ အဝေးကို အဆက်မပြတ် ညှိ နှိုင်းပေးနေရသည်။

ကွန်ပျူတာရှေ့တွင် ချထားသည့် မိမိအသုံးပြုမည့် စာရွက်စာတမ်းများကို ဖတ်ရန် မျက်လုံးက အောက်စိုက်ပေးရပြီး ဖန်သားပြင်ပေါ်ကို ပြန်ကြည့် မိသည့်အခါတွင်လည်း မြင်ကွင်းကို ပြောင်းလွဲကြည့်ပေး ရပြန်သည်။ ပြီးသည်နှင့် အချိန်မပြတ် ဦးနှောက်ကို ချက်ချင်း၊ ချက်ချင်းသတင်းပို့ပေးပြီး ကိုယ်ကြည့်နေတာ ဘာလဲဆိုသည်ကို ဦးနှောက်က ဖတ်ပေး၊ ဘာသာပြန် ပေးရသည်။ ထို့ကြောင့် စာရေးသူတို့၏ မျက်လုံးတစ်စုံမှ ထိုကဲ့သို့ အဆင့်ဆင့် လုပ်ဆောင်ပေးနေမှုများသည် ပြောရုံပြောရမည်ဆိုလျှင်တော့ လွယ်နေမည် ထင်ပါသည်။ သို့သော် တကယ်တမ်းတွင် ထိုသို့စာကို ငုံ့ကြည့်လိုက်၊ ကွန်ပျူတာကို မော့ကြည့်လိုက်လုပ်ရပြီး မြင်ကွင်းကြည်လင် နေစေရန်အတွက် အဆက်မပြတ် အလုပ်လုပ်ပေးရသည့် မျက်လုံးကြွက်သားလေးတွေခမျာ အင်မတန် ပင်ပန်းရှာပါသည်။ ထိုသို့ ပြောင်းရွှေ့ကြည့်ရှု နေရခြင်းဖြင့် အာရုံစိုက်ရခြင်းသည် စာအုပ်တစ်အုပ်ကို အချိန် ကြာ ငြိမ်ငြိမ်ဖတ်ခြင်းထက်ပင် ပိုပြီးမျက်လုံးကို ညောင်းစေသည်။ အဘယ့်ကြောင့်နည်း။ စာအုပ်တစ်အုပ်သည် ကွန်ပျူတာတစ်လုံးကဲ့သို့ အလင်းတန်းများ တစ်ဖျပ်ဖျပ် ဖြစ်နေခြင်း၊ အလင်းပြန်ခြင်း၊ အလင်းအမှောင် ပြောင်းလဲနေခြင်း စသည်တို့ မဖြစ်နိုင်ခြင်းသည်လည်း ဖြစ်နိုင်ခြေ တစ်ခုတွင် ပါဝင်ပါသည်။

(စကားချပ်အနေနှင့် ဆိုရမည်ဆိုလျှင် မြန်မာပြည်တွင် ကျောင်းသားထုအတွက် ကွန်ပျူတာနှင့် ပတ်သက်ပြီး မျက်လုံးထိခိုက်မှုသည် နိုင်ငံခြားကျောင်းများနှင့်ယှဉ်လျှင် ပိုနည်းမည်ဟု ထင်ပါသည်။ စာရေးသူတို့ နိုင်ငံတွင် စာအုပ်စာတမ်းများကို အဓိက အားထားနေရသေးသည့်အတွက် ဖြစ်သည်။ နိုင်ငံခြားကျောင်းများ၊ အထူးသဖြင့် တက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူများသည် စာပေများကို ရှာဖွေလေ့လာရာတွင် ကွန်ပျူတာ၊ အင်တာနက်နှင့် electronic books (e-books) များကို အဓိက ပိုသုံးရသည့်အတွက် အင်တာနက်နှေးကွေးသေးသည့် Digital Libiary အထိုက်အလျောက် မတိုးတက်သေးသည့် စာရေးသူတို့ နိုင်ငံတွင် အတန်ငယ်တော့ သက်သာရာ ရလိမ့်မည် ထင်ပါသည်။)

ဘယ်လိုလူတွေမှာ Computer Vision Syndrome ပိုဖြစ်လာနိုင်ပါသလဲ

Computer Vision Syndrome သည် ပုံမှန်မျက်လုံးကောင်းသူများနှင့် ယှဉ်လိုက်လျှင် နဂိုမူလကတည်းက အဝေးမှုန်နေသူများ၊ မျက်မှန်လိုအပ်သော်လည်း မတပ်သူများ၊ မျက်မှန်တပ်ပါသော်လည်း ကွန်ပျူတာနှင့် သင့်တော်သည့် မျက်မှန်အမျိုးအစား မတပ်သောသူများတွင် ပိုမိုဖြစ်တတ်သည်ဟု ဆိုထားသည်။ စာရေးသူတို့အတွက် ကြိုတင်ကာကွယ်ရေးတွင် ထိုအချက်များကို ထည့်သွင်းစဉ်းစားရပါမည်။ (အသက် ၄၀ နောက်ပိုင်းတွင် အနီး၊ အဝေးမြင်ကွင်းများအား လျင်မြန်စွာ ပြောင်းရွှေ့ကြည့်နိုင်မှု စွမ်းရည် သို့မဟုတ် Focus လုပ်ပေးနိုင်ခြင်း ကျဆင်းလာသူများတွင်လည်း ကွန်ပျူတာ သုံးစွဲရခြင်း ပိုမိုခက်ခဲလာနိုင်ပါသည်။)

Computer Vision Syndrome ကဲ့သို့ ရေရှည်တွင် မျက်လုံးထိခိုက်မှု မဖြစ်စေရန် မည်သို့ နေထိုင်သင့်ပါသလဲ။

ကွန်ပျူတာ သုံးစွဲမှုပုံစံများကို ပြောင်းလဲပေးခြင်းသည် အထိုက်အလျောက်အားဖြင့် မျက်လုံးအား ဒဏ်ဖြစ်စေမှု လျော့နည်းစေမည် ဖြစ်ပါသည်။

- ကွန်ပျူတာ ထားမည့်နေရာ၊ ကွန်ပျူတာ သုံးစွဲမည့် နေရာကို အလင်းချိန်ဆပေးပါ။ ကွန်ပျူတာ ဖန်သားပြင်ကို ပြင်ပအလင်းများ ဖြာကျနိုင်သည့်၊ အလင်းပြန်နိုင်သည့် ပြတင်းပေါက်နားတွင် မထားပါနှင့်။ အလင်းပြန်မည့် မီးချောင်းများကိုလည်း ကွန်ပျူတာနားတွင် မထားသင့်ပါ။ ကွန်ပျူတာ ဖန်သားပြင်ကို နောက်တစ်ထပ် ကာပေးထားသည့် Glare Filter နှင့် တပ်ပြီးသုံးမည်ဆိုလျှင် မျက်လုံးကို အထိုက်အလျောက် ကာကွယ်နိုင်သည့် အတွက် ရုံးများတွင် ကွန်ပျူတာ အချိန်ကြာ သုံးရသည့် သူများလည်း ထိုအချက်ကို လိုက်နာသင့်သည် ထင်ပါသည်။

-ကွန်ပျူတာ ဖန်သားပြင်ကို မျက်လုံးနှင့် တစ်တန်းတည်း အမြင့်မှာ မချိန်ထားပါနှင့်။ မျက်လုံး အပေါ်စီးမှ ကြည့်ပေးနိုင်သည့် အနေအထားသည် ပိုသင့်တော်ပြီး မျက်နှာနှင့်မူ လက်မ ၂၀ မှ ၂၈ လက်မခန့် ခွာပေးသင့်သည်။ ထိုသို့ အနေအထား မှန်ခြင်းသည် မျက်လုံးအတွက် သာမက ကွန်ပျူတာ သုံးသောကြောင့် ဇက်ကြောတက်ခြင်းကိုလည်း လျော့နည်းစေနိုင်ပါသည်။ ဖြစ်နိုင်လျှင် ကွန်ပျူတာနှင့် တွဲသုံးရမည့် စာရွက်စာတမ်းများကို စင်လေးတစ်ခု ဖန်တီးပြီး ကွန်ပျူတာနှင့် level တူဘေးတွင် ထားဖတ်ပါ။ စာဖတ်ရန်အတွက် ခေါင်းငုံ့လိုက်၊ ခေါင်းပြန်မော့ပြီး ကွန်ပျူတာ ကြည့်လိုက်လုပ်ရသည်ကို လျော့နည်းစေသည့်အတွက် မျက်လုံးကို ဒဏ်လျော့နည်း စေပါသည်။

-နောက်ဆုံး အကြံပေး လိုသည်ကတော့ မျက်လုံးကို အနားပေးရန် မမေ့ပါနှင့်။ အကြမ်းဖျင်းမိနစ် ၂၀ ခန့်ကြာလျှင် တစ်ကြိမ် ကွန်ပျူတာ ဖန်သားပြင်မှ မျက်နှာလွှဲပြီး အနည်းဆုံး စက္ကန့် ၂၀ ခန့်ကြာအောင် ပြတင်းပေါက် အပြင် သို့မဟုတ် ခပ်ဝေးဝေးကို ကြည့်ပေးပါ။

-ကွန်ပျူတာ သုံးနေစဉ် မျက်လုံး မခြောက်စေရန် မျက်တောင် မကြာမကြာ ခတ်ပေးပါ။ မျက်ရည်တု မျက်စဉ်းများကို သုံးစွဲပေးခြင်းသည်လည်း မျက်လုံးခြောက်သွေ့ခြင်းကို ကာကွယ်နိုင်ပါသည်ဟု ကွန်ပျူတာနှင့် ပတ်သက်သမျှ မျက်လုံးအန္တရာယ် တချို့ကို ပြန်လည်မျှဝေ တင်ဆက်လိုက်ရပါသည်။

နေခြည် ဆေး-၁

Flower News Journal