တစ်ခါတုန်းက အသက်ထက်အမှန်တရားကို မြတ်နိုးတန်ဖိုးထားသူတစ်ဦးရှိခဲ့ပါတယ်။ မင်းလိုလိုက် မင်းကြိုက်ခစားသူများကြားမှာ အမှန်ကိုရဲရဲဝံ့ဝံ့ပြောဆိုတာကြောင့် မကြာခဏ ရာထူးမှ အချခံရပြီး အိမ်နိမ့်
စံဘ၀မှာပင် ကွယ်လွန်ခဲ့ရသူဖြစ်ပါတယ်။ သူကို ကျွန်တော်တို့က ယောမင်းကြီးလို့သိကြပါတယ်။ ဟုတ်တိုင်းမှန်ရာကို အတိအလင်းလျှောက်တင်လေ့ရှိတာကြောင့် ၆ ကြိမ် စည်းစိမ်ရုပ်သိမ်းခြင်းကိုခံခဲ့ရပါတယ်။
တစ်ခါသော် မင်းတရားကြီး၏သဘောထားလွဲမှားနေမှု့ကို အကြောင်းပြ၍ "ဘုရင်မင်းမြတ်သည် အစ်မ၊ နှမ၊ သမီးကညာအပ်နှင်းခြင်း၊ တံစိုးလက်ဆောင် ဆက်သခြင်းကိုအကြောင်းပြလျက် အတတ်ပညာမရှိသူများ
ကို ၀န်ကြီး၊ အမတ်ခန့်အပ်ခဲ့သော် တိုင်းပြည်ဟာပျက်ဖို့ပဲ ရှိပါကြောင်း" မထောက်မညှာရှောက်တင်ရာ ဦးဘိုးလှိုင်၏ဖခင် ယင်းတောဝန်ကြီးအား ကွပ်မျက်ခဲ့သော လှံကိုပြလျက် "ဒီလှံကဘာလှံလဲသိသလား" ဟုမေး၍ထိုးမည်ပြုရာ ဦးဘိုးလှိုင်က "သိပါတယ်ဘုရား တပည့်တော်ဖခင် ယင်းတောဝန်ကြီးကို
ကွပ်မျက်ခဲ့တဲ့လှံပါဘုရား၊ ထိုးတော်မူပါဘုရား"ဟုဆိုပြီး ရင်ကိုကော့ပေးလိုက်ပါတယ်။ (ဦးဘိုးလှိုင်ရဲ့ဖခင်
ဖြစ်သူဟာ ရွှေဘိုမင်းစိတ်ဖောက်ပြန်စဉ်က လှံနဲ့ထိုးသတ်ခြင်းကိုခံခဲ့ရပါတယ်)။
မင်းတုန်းမင်းက မထိုးပဲလှံကိုကိုင်၍ အတွင်းတော်သို့ ၀င်သွားသောကြောင့်သာ အသက်ချမ်းသာရာရခဲ့ပါတယ်။ အခြားဝန်မင်းများက တင်းတင်းမာမာမပြောသင့်ကြောင့် ပြောရာ ဦးဘိုးလှိုင်ပြန်ပြောလိုက်တဲ့စကားက "ကျွန်ုပ်အားလှံဖြင့် ထိုး၍သေရခြင်းကား မြတ်ပါတယ်။ နေရာတိုင်း မင်းလိုလိုက်မင်းကြိုက်ဆောင်၍ မကောင်း
မှု့ဖြစ်ပွားလာပါက နိုင်ငံတော်ပျက်စီးခြင်းရောက်လေသော် နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့သော်သေရကျိုးမနပ်" ဟူ၍ပင်ဖြစ်ပါတယ်။
သီပေါမင်းလက်ထက်တွင် ဦးဘိုးလှိုင်သည် သက်ဦးဆံပိုင်ဘုရင်စနစ်ကိုတော်လှန်ပြီး ပြည့်သူအာဏာဖြင့်
အုပ်ချုပ်မှု့ကိုကြိုဆိုသည့် "ရာဇဓမ္မ သင်္ဂဟကျမ်း" ကိုပြုစုခဲ့ရာ ဘုရင်က မနှစ်သက်ခဲ့ပေ။ သီပေါမင်းဟာ
အသုံးအဖြုံးကြီးတဲ့မင်းတစ်ပါး ဖြစ်ပါတယ်။ ဒါကို "ဘဏ္ဍာတော်ဆိုသည်မှာဆင်းရဲသားတို့ ချွေးနှဲစာမှ
ညှစ်ယူထားသည်ဖြစ်၍ ကျောက်ခဲသလဲကဲ့သို့ သဘောမထားသင့်ပါ" ဆိုကာဘဏ္ဍာရေးကို ကန့်သတ်ရန်ကြိုးပမ်းခဲ့ပါတယ်။ မိဖုရားက "ရှင်ဘုရင်လုပ်တာ ငလှိုင်ပေးသရွေ့နဲ့စားရမတဲ့လား၊
ဒီလိုဖြင့်ရှင်ဘုရင်တောင်မလုပ်ချင်ပါဘူး" ဟုဒေါသကြီးစွာဖြင့်ပြောရာ သီပေါမင်းကပါ နားယောင်လျက် ဦးဘိုးလှိုင်ကိုရာထူးမှ ချခဲ့ပါတယ်။
ဤအကြိမ်သည် နောက်ဆုံးရာထူးချခံရခြင်းဖြစ်ပါတယ်။ ဦးဘိုးလှိုင်သည် မမူခဲ့၊စိတ်ဓာတ်မကျခဲ့။ အေးချမ်းစွာ ဥယျဉ်အလုပ်ကို လုပ်ကိုင်လျက် သူဝါသနာပါရာ ကျမ်းပြုခြင်းအလုပ်ကို ဖိ၍လုပ်ကိုင်ခဲ့ပါတယ်။တကယ်တော့
ဦးဘိုးလှိုင်ဟာ နှယ်နှယ်ရရ၀န်မင်းတစ်ပါးတော့မဟုတ်ပါ။မြန်မာနိုင်ငံရဲ့ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေလို
့ခေါ်နိုင်တဲ့ ရာဇဓမ္မသင်္ဂဟကျမ်း၊ အမြှောက်အလီကျမ်း၊ ကျန်းမာရေးအတွက်အသုံးဝင်လှတဲ့ ဥတုဘော ဇနာကျမ်း၊ ကာယနုပညာကျမ်းစသည့် ထင်ရှားတဲ့ကျမ်းများအပြင် အခြားသိပ္ပံစာပေကျမ်းပေါင်းများစွာကို ပြုစုခဲ့တဲ့ အလွန့်အလွန်တော်တဲ့ ၀န်ကြီးတစ်ပါးလည်း ဖြစ်ပါတယ်။ ကမ္ဘာပြားသည်၊ လုံးသည် ဟူသောပြဿနာဟာ ဒီဘက်ခေတ်မှပေါ်ပေါက်ခဲ့တာမဟုတ်ပါ။ မင်းတုန်းမင်းခေတ်ကတည်းက ပေါ်ပေါက်ခဲ့ရာ ဦးဘိုးလှိုင်နဲ့ကနောင်မင်းသားကြီးတို့ဟာ ကမ္ဘာလုံးသည် ဟူသောအယူအဆဘက်မှ မားမားရပ်ခဲ့ကြပါတယ်။
သူတို့နှစ်ယောက်ဟာ အလွန်အတွဲညီကြသူများလည်းဖြစ်ပါတယ်။ ဦးဘိုးလှိုင်ကသဘောထားရေးရာဆရာ၊ ကနောင်မင်းသားကြီးက လက်တွေ့ဆရာဖြစ်ရာ မြန်မာနိုင်ငံခေတ်မီတိုးတက်ရေးကိုအာသွန်ခွန်စိုက်ဆောင်
ရွက်ခဲ့ကြသူများဖြစ်ပါတယ်။ ကနောင်မင်းသားကြီး၏ စီမံကိန်းအရ မြန်မာနိုင်ငံတွင်ခေတ်မီစက်ရုံများတည်
ဆောက်နိုင်ဖို့ အင်္ဂလန်၊ ပြင်သစ်၊ အီတလီနိုင်ငံသို့ပညာတော်သင်များစေလွှတ်ခဲ့ပါတယ်။ယင်းတို့ထဲမှ အများစု
ဟာ ဦးဘိုးလှိုင်ရဲ့တပည့်များဖြစ်ပါတယ်။
ဦးဖိုးလှိုင်ရေးသော ပညာရပ်မျိုးစုံ၊ ကျမ်းအစုံစုံကို ကြည့်လျက် သူတစ်ဦးတည်းနှင့်ပင် တက္ကသိုလ်ကျောင်း
ထူထောင်နိုင်လောက်အောင် တတ်ကျွမ်းသူဟု ဆိုလေ့ရှိကြပါတယ်။ဦးဘိုးလှိုင်သည် သူရသတ္တိနဲ့ပြည့်စုံ
သည့်အပြင် အလွန်ဖြောင့်မှတ်၏။ ပွင့်လင်း၊ ပြတ်သား၏။ ထို့ပြင်ခွင့်လွှတ်တတ်သော ဘဘောလည်း
ရှိသူဖြစ်ပါတယ်။ သူ့အားအရာကျအောင် ကုန်းချောသူများကို မည်သည့်အခါမှ ရန်တုန့်မမှုခဲ့ပါခြေ။ သက်ဦးဆန်ပိုင် ဘုရင်ထံတွင် အမှုထမ်းရပါလျက် ပြည်သူတို့ဘက်မှနေ၍ မှန်ရာကိုပြောခဲ့ ရေးခဲ့သည်ကား လွန်စွာလေးစားဖွယ်ရာဖြစ်ပါတယ်။ ဦးဘိုးလှိုင်သည် အသက် ၅၄့ နှစ်အရွယ် မြန်မာသက္ကရာဇ် ၁၂၄၅ ခုတွင်ကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန်သည်မှာ ကာလကြာပေမယ့် သူ့နာမည်၊ သူ့စာ၊ သူ့စကား၊သူ့ကြိုးပမ်း
ချက်တို့ကား ယနေ့တိုင်အောင်ရှင်သန်နေဆဲပင် ဖြစ်ပါတယ်။

(ယောအတွင်းဝန် အထိမ်းအမှတ် အုတ်ဂူသည် ယဉ်ကျေးမှုမြို့တော်ဟုခေါ်တွင်သည့် မန္တလေးမြို့
အောင်မြေသာစံမြို့နယ်၊ ပင်းယလမ်း( ၂၂ စီ လမ်း) အနောက်ထိပ်အနီးတွင် မထင်မရှား တည်ရှိပါတယ်။ ဒါကို မန္တလေးမြို့ခံတော်တော်များများပင် မသိကြပါချေ။ ယောမင်းကြီးရဲ့ဂူကိုသာမက စန္ဒာမုနိဘုရားအတွင်းရှိ
ကနောင်မင်းသားကြီးရဲ့ဂူ၊ မန္တလေး ကျုံးမြို့ရိုးဟောင်းထဲရှိ မြနန်းစံကျာ် ရွှေနန်းတော်ကြီး၏ အရှေ့ဘက်
ပေ (၁၀၀) ကျော်တွင်ရှိသော မင်းတုန်းရဲ့ဂူများမှာလည်း ထိန်းသိမ်းမှု့အားနည်းခြင်း၊ စနစ်မကျခြင်းတို့ကြောင့်
အမေ့လျော့ခံသမိုင်းမှတ်တမ်းတွေဖြစ်နေခဲ့ရတာတော့ အလွန်ဝမ်းနည်းဖွယ်ကောင်းလှပါတယ်။)
SKK
#AyeSay
www.ayesay.com.mm