ခေတ်ဟောင်းကာလတုန်းက မြန်မာ့ရုပ်ရှင်ရာဇဝင်မှာ ဝင်ငွေစံချိန်ချိုးခဲ့တာ ဘယ်ဇာတ်ကားလဲ


ခေတ်ဟောင်းကာလတုန်းက မြန်မာ့ရုပ်ရှင်ရာဇဝင်၌ ဝင်ငွေစံချိန်ချိုးခဲ့သော ဇာတ်ကားမှာ “ဘဝသံသရာ”
ဇာတ်ကား ဖြစ်၏။ ၎င်းဇာတ်ကားကို မန္တလေးရုပ်ရှင်မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာမှာ ဦးသုခ ဖြစ်၏။
ထိုဘဝသံသရာ ဇာတ်ကားဖြင့် ၁၉၅၆ ခုနှစ်အတွက် အကောင်းဆုံး ဇာတ်ကားဆုကို လည်းကောင်း၊ အကောင်းဆုံးဒါရိုက်တာဆုကိုလည်းကောင်း၊ အကောင်းဆုံး အမျိုးသားပညာသည် ဆုများကို လည်းကောင်း
 ထိုက်တန်စွာဆွတ်ခူးရရှိခဲ့သည်။ ဘဝသံသရာဇာတ်ကားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စတာလင်ပေါင် ၃၀၀၀ ဖြင့်ရောင်းချခဲ့ရသည်ဆို၏။


 ဆရာဦးသုခသည် “ဘဝသံသရာ” ဇာတ်ကားမတိုင်မီကပင် ဗြိတိသျှဘားမားရုပ်ရှင်မှ “သြော်-မိန်းမ”
ဇာတ်ကားဖြင့် ၁၉၅၄ ခုနှစ်အတွက် အကောင်းဆုံး ဇာတ်ကားဆုကို ရရှိခဲ့ဖူး၏။ ဆရာဦးသုခသည် စစ်ကြို ခေတ်ကအေဝမ်းဖလင်းသို့ “ချစ်အမျှ” ဇာတ်ကားမှ စတင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် “စောင်းတော်ရှင်” ဇာတ်ကားကိုဇာတ်ညွှန်းရေးပေး ခဲ့ရသည်။ အေဝမ်းဓာတ်ပြား အဆိုတော်အဖြစ် “လှမဉ္ဇူ” သီချင်းကို ဓာတ်ပြားသွင်းခဲ့သည်။“ဂုဏ်”ပြဇာတ်ကို ဒါရိုက်တာ ပြုလုပ်စင်တင်ခဲ့ရာ နာမည်ကျော်ကြားခဲ့သည်။ စာရေးဆရာအသင်းကြီး၏ “ဝိဇယ”ပြဇာတ်တွင် ဝိဇယမင်းသားအဖြစ် ပါဝင်ကပြခဲ့ရာ လူတိုင်း ချီးမွမ်းကြ
သည်။

စစ်ပြီးခေတ်တွင် “သြော်...မိန်းမ”၊ “သြော်...ယောက်ျား” နှင့် “မိန်းမနှင့်ယောက်ျား”ပြဇာတ်တို့ကို စင်တင်ခဲ့ရာ
 လူကြိုက်များခဲ့သည်။ လျှပ်စစ် ရုပ်ရှင်မှ “ကပ္ပလီ” ဇာတ်ကားအတွက်ဇာတ်ညွှန်းရေးခဲ့သည်။ ဆက်လက်၍ “ဘဘကြီး” ဇာတ်ညွှန်းကို ရေးခဲ့ပြီးနောက် ပထမဆုံး ဒါရိုက်တာအဖြစ်“ချစ်အနုမြူ” အသံတိတ် ဇာတ်ကားကို ရိုက်ကူးခွင့်ရခဲ့သည်။ ထိုနောက်မှ လျှပ်စစ်ရုပ်ရှင်တွင် “ဂုဏ်ရည် မတူလို့လား” ဇာတ်ကားဖြင့် အောင်ပန်း ပွင့်ခဲ့ပြီး ဗြိတိသျှဘားမားသို့ သွားရောက်ကာ “သြော်...မိန်းမ” “သြော်...ယောက်ျား”ဇာတ်ကားများကို
 ရိုက်ခဲ့သည်။

အကယ်ဒမီဆုမရခဲ့သော်လည်း ဝင်ငွေကောင်းပြီး အနုပညာပြောင်မြောက်သော ဇာတ်ကားများမှာ “သည်
ဆောင်းဟေမာန်”၊ “ဂုဏ်ရည်မတူ”၊ “သြော်...ယောက်ျား”၊ “လှည်းကျိုးနဲ့ နသိုး”၊ “သိကြားစေ သက်သေညွှန်း”၊ “မြေပြန့်သား”၊ “သူ”၊ “သြော်...မိန်းမ” တို့ ဖြစ်ကြသည်။ ဤ၌ “သားတို့ရုပ်ရည်”၊ “မိုးလုံးပတ်လည်” ဇာတ်ကားများမှဝင်ငွေအရရော၊ အနုပညာအရပါ အောင်မြင်မှု သိပ်မရခဲ့။ “မိုက်တယ်ဆိုတာ လွယ်ပါတယ်”၊ “ဘယ်သူပြိုင်လို့လှပါတော့နိုင်” တို့မှာ အောင်မြင်မှုများ ရရှိခဲ့သည့် ဇာတ်ကားများဖြစ်ကြသည်။

ဆရာနန္ဒမိုးကြယ် ရဲ့ သိမှတ်ဖွယ်ရာမြန်မာ့လျို့ဝှက်ချက် ၁၀၀ စာအုပ်မှ