မသိကျွမ်းတဲ့လူတစ်ယောက်ကို စတင်မိတ်ဖွဲ့နိုင်သည့် စကား (၉) ခွန်း

 
ဘယ်လို အခြေအနေမှာဘဲဖြစ်ဖြစ် ကိုယ်နဲ့တစ်ခါမှ မသိကျွမ်းဖူးတဲ့လူတစ်ယောက်ကို စတင်မိတ်ဖွဲ့ချင်တယ်ဆိုရင်ဖြင့် ဒီလိုစကား(၉)ခွန်းနဲ့ စတင်မိတ်ဖွဲ့လိုက်ပါ။

အမျိုးသားတစ်ယောက် (သို့မဟုတ်) အမျိုးသမီးတစ်ယောက်ကို စတင်မိတ်ဖွဲ့ချင်တဲ့ အခါမှာပဲဖြစ်ဖြစ်၊ အကောင်းဆုံး တွေ့ဆုံမှုမျိုးကို ဖန်တီးချင်တဲ့အခါမျိုးမှာ ဒီစကားစု (၉) ခုက သင့်ကို (first impression) လို့ခေါ်တဲ့ မြင်မြင်ချင်းမှာ လေးစားခင်မင်သွားနိုင်တဲ့ ခံစားချက်မျိုး တစ်ဖက်လူက ခံစားမိသွားအောင် ကူညီနိုင်မှာပါ။ ဒီစကားတွေဟာ သင့်ရဲ့ မိတ်ဆွေသစ်နဲ့ သင့်ကြားမှာ ရှည်ကြာတဲ့ သူငယ်ချင်းဆက်ဆံရေး (သို့မဟုတ်) တန်ဖိုးရှိတဲ့ အဖော်တစ်ယောက်ဖြစ်လာအောင် ကူညီပေးနိုင်မှာပါ။

ဒါပေမဲ့ ကိုယ့်ဖက်က အစပျိုးလိုက်တဲ့စကားဟာ ပုံစံမကျဘူးဆိုရင်တော့ ပြဿနာတစ်ခုကို ဖန်တီးသလိုဖြစ်သွားမှာပါ။ မလိုလားအပ်ပဲ စကားတွေ အရှည်ကြီးပြောပြီး မိတ်ဖွဲ့နေမယ်ဆိုလျှင်လည်း သင့်စကားဝိုင်းထဲက မိတ်ဆွေတွေမှာ စိတ်ကသိကအောင့်နဲ့ သင်ပြောနေတာတွေကို နားထောင်နေရတော့မှာပါပဲ။ ကဲ…. ဒီလိုဆိုလျှင် သင့်မိတ်ဆွေတွေကို စိတ်ကသိကအောင့် မဖြစ်စေဘဲ အဓိပ္ပါယ်ရှိရှိ ဘယ်လို စတင်မိတ်ဖွဲ့ကြမလဲ။ ဘယ်လို နေရာကနေ စတင်မိတ်ဖွဲ့ကြမလဲ။

ကိုယ်နဲ့ တစ်ခါမှ မသိကျွမ်းတဲ့လူတစ်ယောက်နဲ့ စတင်မိတ်ဖွဲ့ဖို့ ကြိုးစားချိန်မှာ အနည်းငယ်တော့ စိတ်လှုပ်ရှားကြမယ်ဆိုတာကို နားလည်ပါတယ်။ အစပိုင်းမှာတော့ တစ်ဖက်လူရဲ့ သဘောထားကို မသိနိုင်တဲ့ အတွက် ရှက်ရွံ့နေမိမှာပါ။  ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် မိတ်ဖွဲ့စကားကို ဘယ်လို စတင်ရမလဲဆိုတာကို တွေးပြီး စကားဝိုင်းလေးဖြစ်အောင် ဖန်တီးလိုက်ပါ။ တစ်ဖက်လူပြောတဲ့ စကားတွေကိုလည်း နားထောင်ပေးပါ။ ဒါဟာ သင့်အတွက် နောက်ဆက်တွဲမေးခွန်းတွေမေးနိုင်ဖို့ အခွင့်အရေးဖြစ်ပြီး  စိုပြေတဲ့ စကားဝိုင်းလေးဖြစ်အောင် ဖန်တီးပေးနိုင်မှာပါ။ စတင်မိတ်ဖွဲ့ပုံနဲ့ ထိထိရောက်ရောက် မိတ်ဖွဲ့ နိုင်တဲ့ စကား(၉)ခွန်းကို ဖော်ပြလိုက်ပါတယ်။ လိုသလို အသုံးပြုပြီး စကားဝိုင်းလေး စလိုက်ကြရအောင်။

၁။  " ဒီနေ့ နေကောင်းတယ်နော်"


သုံးစက္ကန့်လောက် လှိုက်လှိုက်လှဲလှဲလေးပြုံးပြပြီး နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်ခြင်းဖြင့် သင့်ရဲ့ မိတ်ဖွဲ့ခြင်းကို စတင်လိုက်ပါ။ တစ်ခါတစ်ရံမှာ ရိုးရှင်းတဲ့အရာတွေကလည်း တို့တွေရဲ့ဘ၀ကို ကြီးမားတဲ့ သက်ရောက်မှုကောင်းတွေကို ပေးနိုင်ပါတယ်။
ကိုယ့်ရဲ့ အိမ်နီးချင်းတွေကို "မင်္ဂလာနံနက်ခင်းပါ"  "မင်္ဂလာပါ" လို့ စတင်နှုတ်ဆက်တတ်သူတွေကို လေ့လာကြည့်ပါ။ ဒီစကားလုံးတွေဟာ နောက်ဆက်တွဲ မေးခွန်းတွေဖြစ်တဲ့ "နေကောင်းတယ်နော်"   "ကလေးတွေရော နေကောင်းကြလား" စတဲ့ နောက်ဆက်တွဲမေးခွန်းတွေနဲ့ သင့်ရဲ့မိတ်ဖွဲ့ခြင်းကို အဆင်ပြေစေမှာပါ။ ဒီလိုနဲ့ပဲ မိသားစု အကြောင်း ကိုယ်နှစ်သက်တဲ့ အားကစားအဖွဲ့တွေ အကြောင်းကိုပြောရင်း မိတ်ဆွေတွေ ဖြစ်လာကြမှာပါ။

၂။ "နားကပ်လေးက လှလိုက်တာ"


အရမ်းကို ထိရောက်မှုရှိတဲ့ မိတ်ဆွေဖွဲ့စကားလေးပါ။ သင်မိတ်ဖွဲ့ချင်တဲ့သူရဲ့ အသုံးအဆောင် ပစ္စည်းလေးတွေ၊ စိတ်ခံစားချက်တွေကို ကြည့်ပြီး နှစ်နှစ်ကာကာ ချီးမွမ်းပြောဆိုလိုက်ပါ။ အဲ့ဒါဟာ သင့်ဆီကိုလည်း ကောင်းမွန်တဲ့ တုန့်ပြန်ချက်တွေကို ပြန်ရစေမှာပါ။
တစ်ဖက်လူကလဲ သင့်ကို ကျေးဇူးတင်စကားပြန်ပြောခြင်းနဲ့  တုန့်ပြန်မှုကောင်းတွေကို ပြုလုပ်မှာပါ။ ဒီလိုအစပျိုးပြီးရင်တော့ "အရမ်းသဘောကျတာပဲ၊ ဘယ်မှာဝယ်တာလဲဟင်" ဆိုတဲ့မေးခွန်းတွေနဲ့ မိတ်ဆွေသစ်တစ်ယောက်ဖြစ်လာအောင် သင် ဆက်ပြောနိုင်ပါပြီ။

၃။ "ဒီဆိုင်က အမြဲလိုလို အကြာကြီး တန်းစီရတယ်နော်"


အဆင်မပြေမှုတွေနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုခု သင့်ပတ်ဝန်းကျင်မှာ ဖြစ်နေတယ်ဆိုရင်လည်း၊ အဲဒီအကြောင်းအရာကို အကြောင်းပြုပြီး မိတ်ဖွဲ့စကားကို စပြောနိုင်ပါတယ်။  ဥပမာ- ရုပ်ရှင်ရုံမှာ အကြာကြီးတန်းစီနေရတဲ့အခါမျိုးတွေနဲ့ တစ်နေရာရာမှာ အကြာကြီးထိုင်စောင့်နေရတာမျိုးတွေမှာ ဒီလို မိတ်ဖွဲ့စကားနဲ့ စတင်မိတ်ဖွဲ့နိုင်ပါတယ်။
အဆင်မပြေတဲ့ အကြောင်းအရာတစ်ခုကို သိမ်သိမ်မွေ့မွေ့လေး ဝေဖန် မှတ်ချက်ပြုပြီး၊ သင့်လိုပဲ အဆင်မပြေမှုကို ခံစားနေရသူနဲ့ မိတ်ဖွဲ့စကားကို စတင်နိုင်ပါတယ်။

၎။ "ချီကာဂိုမြို့က တကယ့်ကို လေးတဟူးဟူးတိုက်နေတဲ့ မြို့ပဲနော်"


ဟုတ်ပါတယ်။ ရာသီဥတု အကြောင်းပြောရင်းနဲ့ စကားစတာပါပဲ။ ဒီလိုမိတ်ဖွဲ့တဲ့ ပုံစံဟာ လုပ်ရိုးလုပ်စဉ်တစ်ခုဆိုပေမဲ့ သင့်ရဲ့ မိတ်ဖွဲ့မှုကိုတော့ ထိရောက်တဲ့ အံ့သြမှုတွေကို ပေးနိုင်မှာပါ။ လူအများစုဟာ ရာသီဥတုနဲ့ပတ်သက်တဲ့ ထင်မြင်ချက်တွေကို အမြဲလိုလိုတော့ ပြောတတ်ကြပါတယ်။ မတူညီတဲ့ရာသီဥတုတွေမှာ ဘယ်လို မတူညီတဲ့ အ၀တ်အစားဒီဇိုင်းတွေကို ဖက်ရှင်ကျကျ ၀တ်ကြမလဲဆိုတာဟာ သင့်အတွက်တော့ အစပျိုးလို့ကောင်းတဲ့ မိတ်ဖွဲ့နည်းပါပဲ။
"လေကလဲ ကြမ်းလိုက်တာ၊ လူတောင်လွင့်တောမယ်" ဆိုတဲ့ စကားတစ်ခွန်းက သင့်ရဲ့ မိတ်ဆွေဖွဲ့မှုမှာ လွယ်ကူချောမွေ့စေပြီး၊ ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကိုလည်းရစေမှာပါ။

၅။ "ဟယ်…ဒီကိစ္စကြားပြီးပြီလား"


စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုကို စတင်ပြောခြင်း၊ ရယ်စရာအကြောင်းအရာတစ်ခုခုကို စတင်ပြောခြင်းဖြင့် သင့်ရဲ့ မိတ်ဖွဲ့ခြင်းကို စတင်လိုက်ပါ။ သင်သိထားတဲ့ အကြောင်းအရာတစ်ခု(သို့မဟုတ်) ဇာတ်လမ်းတစ်ခုကို ပြောပြပြီး တစ်ဖက်လူရဲ့ ထင်မြင်ချက်ကိုပါ တောင်းခံလိုက်ပါ။ ဒါဟာ အရမ်းကို ထိရောက်မှုရှိတဲ့ မိတ်ဖွဲ့နည်းနော်။ တစ်ခုတော့ သတိထားရမယ်။ အဲ့ဒါကတော့ သင်ပြောပြမယ့် အကြောင်းအရာက စိတ်ဝင်စားစရာ ကောင်းနေရင်တောင်မှ သင်က အချိန်ဆွဲပြီး စကားကြောအရှည်ကြီး ပြောနေမယ်ဆိုလျှင်တော့ သင့်မိတ်ဖွဲ့ချင်တဲ့လူက ငြီးငွေ့လာပါလိမ့်မယ်။

၆။ "ဒါက ဘယ်လို အချိုရည်မျိုးပါလိမ့်"


လူတွေက အစားအသောက်ဆိုလျှင် ကြိုက်ကြတာပါပဲ။ အကယ်၍ သင်စကားပြောချင်နေတဲ့သူဆီမှာ သောက်လို့ကောင်းမဲ့ ပုံစံနဲ့ အချိုရည် ရှိနေမယ် (ဒါမှမဟုတ်) အရသာရှိတယ်လို့ ထင်ရတဲ့ ဟမ်ဘာဂါရှိနေမယ် ဆိုပါတော့၊ အဲ့ဒီအစားအသောက်ရဲ့ အရသာ ကောင်းမကောင်းဆိုတာကို မှတ်ချက်ပေးပြီး မိတ်ဖွဲ့ခြင်းကိုလည်း စတင်နိုင်ပါတယ်။ နောက်တစ်ခု ပြောလို့ရသေးတာက "ဘာအချိုရည်ကို သောက်နေတာလဲ" ဆိုတဲ့ မေးခွန်းလေးမေးပြီးတော့လဲ မိတ်ဖွဲ့လို့ရပါသေးတယ်။
သင်မိတ်ဖွဲ့ချင်တဲ့သူက တုန့်ပြန်ပြောဆိုပြီဆိုလျှင်တော့ နောက်ဆက်တွဲ မေးခွန်းတွေဖြစ်တဲ့ "တကယ်ကောကြိုက်ရဲ့လား"  " ကျွန်တော် နောက်ထပ်သွားဝယ်ပေးရမလား" ဆိုတာတွေနဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ပါ။ အပြုံးချိုချိုလေး ထည့်ပြုံးဖို့တော့ မမေ့နဲ့နော်။

၇။ "နာမည်လေးက ချစ်စရာကောင်းလိုက်တာ။ ဘယ်သူ့နာမည်ကို ပေးထားတာလဲ"


နံမည်ကဒ်ပြားတွေဆွဲထားရတဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ အစည်းအဝေးတွေ၊ ညီလာခံတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေမှာ ဒီလိုမိတ်ဆက်နည်းက အသုံးဝင်မှာပါ။ သင်မိတ်ဆက်ချင်သူမှာ စိတ်ဝင်စားစရာကောင်းတဲ့ နာမည်ရှိနေတယ် ဆိုလျှင် သူ့ဆီကို လျှောက်သွားပြီး ဒီလိုပြောလိုက်ပါ။ "ကမ်မဲလ်လီ တဲ့လား…..နာမည်လေးက ချစ်စရာလေး၊ နာမည်အရင်းက ဘယ်လိုခေါ်လဲဟင်" အဲ့ဒီအခါမှာ သူမကလည်း စိတ်လှုပ်ရှားစွာနဲ့ သူမနာမည်ကို ပြန်ပြောပြပါလိမ့်မယ်။ ဒီလိုဆိုလျှင်တော့ သင့်ရဲ့ မိတ်ဖွဲ့စကားဝိုင်းလေးက အဆင်ပြေသွားပြီပေါ့။

၈။ "မင်္ဂလာပါ။ ဒီမှာ အလုပ် လုပ်တာလား"


ဒီမိတ်ဖွဲ့နည်းကလဲ အစည်းဝေးခန်းမတွေ၊ ညီလာခံနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ မိတ်ဆွေဖွဲ့လို့ အကောင်းဆုံးပါပဲ။ သင်အဖြေကို ကြိုသိနေလျှင်တောင်မှ မသိသလိုနဲ့ မေးလိုက်ပါ။ တကယ်လို့ သူမ အလုပ်လုပ်တဲ့နေရာမှာ သင်သိနေတဲ့လူတွေရှိနေမယ်ဆိုလျှင်လည်း ဒီလူတွေရဲ့ နာမည်ကို ပြောပြပြီး ရင်းနှီးမှုကိုရယူလိုက်ပါ။
"အဲ့ဒီမှာ ဘာလုပ်တာလဲ" 
" လုပ်တာ ကြာပြီလား"
"'ဒီနေရာကို သဘောကျလား"
"မင်းရဲ့ လုပ်ငန်းခွင်မှာ ဘယ်နေရာကို လုပ်ရတာ သဘောအကျဆုံးလဲ" စတဲ့ နောက်ဆက်တွဲ မေးခွန်းတွေနဲ့ ပိုရင်းနှီးလာအောင် ကြိုးစားလို့ရတယ်နော်။

၉။ "တစ်ဆိတ်လောက်ခင်ဗျာ။ ကျွန်တော် ခင်ဗျားနဲ့ စကားပြောချင်လို့ပါ"


တစ်ခါတစ်ရံမှာ ရိုးသားစွာပြောတတ်ခြင်းဟာလဲ ရင်းနှီးခင်မင်မှုအတွက် အကောင်းဆုံးပါ။ သင်မိတ်ဖွဲ့ချင်သူ ရှိတဲ့နေရာကိုသွားပြီး သင်သူနဲ့ စကားပြောချင်တယ်ဆိုတာကို ရိုးရိုးသားသားပြောလိုက်ပါ။
 နှစ်ယောက်လုံး ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့ စကားဝိုင်းလေးဖြစ်လာဖို့ သင့်ဖက်က အကောင်းဆုံးကြိုးစားပါ။ ရိုးသားခြင်းဟာ အကောင်းဆုံးပါပဲ။

Soe Soe Win  
Myanmar Network