ငါက လက်တွေ့လုပ်ရတာဆိုပြီး ပညာရှင်တွေကို မထေမဲ့မြင်မပြုမိဖို့


အင်းဝဘုရင်မင်းခေါင်မှာ မင်းသိဒ္ဓတ်ဆိုတဲ့ ညီတော်မင်းသားတစ်ပါး ရှိတယ်။ သူက စစ်ကိုင်းမြို့စားမင်းဖြစ်တယ်။စစ်တိုက်သိပ်တော်တယ်။ ဘုရင်မင်းခေါင်နန်းရတာလည်း သူစစ်တိုက်တော်လွန်းလို့ ရခြင်းဖြစ်တယ်။ ဘုရင်မင်းခေါင်က ခပ်ပျော့ပျော့မင်းတစ်ပါးဖြစ်တယ်။
ဒါကြောင့် သူက ဘုရင်ကို မထီမဲ့မြင် ပြုလေ့ရှိတယ်။ ဘုရင်က သူ့ကို မနှစ်မြို့ပေမယ့် ကျေးဇူးထောက်ပြီး သည်းခံနေရတယ်။

ဒီအခြေအနေကို ဝန်ဇင်းမင်းရာဇာအမတ်ကြီးက သိတယ်။ မင်းသိဒ္ဓတ်ကို တိုက်ရိုက်ဆုံးမရင်လည်း မရဘူးဆိုတာကိုလည်း သိတယ်။ ဒါကြောင့် အမတ်တစ်ယောက်ကို သူနဲ့ မင်းသိဒ္ဓတ်စကားပြောနေတုန်းမှာ ပုဂံဘုရင် တရုတ်ပြေးမင်းနဲ့ ရာဇသင်္ကြန်အမတ်ကြီးအကြောင်း မေးပါလို့ ကြိုပြောထားတယ်။ အကြောင်းတိုက်ဆိုင်တဲ့အခါမှာ တာဝန်ပေးခံထားရတဲ့ အမတ်က မေးတယ်။ ဝန်ဇင်းမင်းရာဇာအမတ်ကြီးကလည်း အမတ်မေးတာကို ဖြေတာလိုလိုနဲ့ မင်းသိဒ္ဓတ်ကို ဆုံးမတယ်။ အဓိကကတော့ ထီးတင်ပြီးရင် ငြမ်းဖျက်ခံရတတ်တယ်ဆိုတာကို သတိပေးတာပဲ။
ဒီအခါမှာ မင်းသိဒ္ဓတ်က ``အဘိုးရာဇာမူကား နှုတ်သီးသာတတ်၏။ လက်ရုံးအရည်ကို အဘယ်သို့သိမည်နည်း။ ယောကျာင်္းကောင်းတို့၏အရည်ကား စစ်မြေပြင်တွင်မှသာ အရည်ထူးကို သိရတုံ၏´´လို့ မချေမခံပြောဆိုပြီး ထထွက်သွားတယ်။

နောင်အခါ မင်းသိဒ္ဓတ်က ပုန်ကန်ခြားနားတယ်။ စစ်သည်တွေ မထိခိုက်ရအောင် စီးချင်းထိုးကြမယ်လို့ ဘုရင်မင်းခေါင်က စိန်ခေါ်တယ်။ မင်းသိဒ္ဓတ်က လက်ခံတယ်။ဘုရင်မင်းခေါင်က ဆင်ထိန်းအမတ်ကြီးကို
ခေါ်ပြီး မင်းသိဒ္ဓတ်စီးနေတဲ့ဆင်က ဘယ်ဆင်လဲလို့မေးတယ်။ `သန်မြန်စွာဆင်´လို့ လျှောက်တင်တဲ့အခါမှာ သန်မြန်စွာဆင်ကို ငယ်နိုင်ဖြစ်တဲ့ဆင်က ဘယ်ဆင်လဲလို့ ဆက်မေးတယ်။ `ဟိုင်းနီလာဆင်´က သန်မြန်စွာဆင်ကို ငယ်နိုင်ဖြစ်တယ်လို့ လျှောက်တယ်။

နောက်နေ့မှာ ဘုရင်မင်းခေါင်က ဟိုင်းနီလာဆင်ကို စီးပြီး စီးချင်းထိုးတယ်။ မင်းသိဒ္ဓတ်စီးတဲ့ သန်မြန်စွာဆင်က ဟိုင်းနီလာဆင်ကို မြင်တာနဲ့ ကြောက်လန့်ပြီး ထွက်ပြေးတော့တာပဲ။ ဒါနဲ့ မင်းသိဒ္ဓတ်ကို လက်ရအရှင်
ဖမ်းမိတယ်။ ဝန်ဇင်းမင်းရာဇာအမတ်ကြီးက မင်းသိဒ္ဓတ်ကို သေဒဏ်မပေးဖို့ ဘုရင်မင်းခေါင်းဆီကို
ဖြောင့်ဖျပြောဆိုပေးလို့ မင်းသိဒ္ဓတ် သေဒဏ်ကနေလွတ်တယ်။ ဘုရင့်ညီမင်းသားတစ်ပါးရဲ့ အဆောင်
အယောင်တွေ ပြန်ရတယ်။

ပညာရှင်ဆိုတာ အရာတိုင်းကို လက်တွေ့လုပ်နိုင်ချင်မှ လုပ်နိုင်မယ်။ ဒါပေမယ့် ပညာရှင်ပြောဆိုတာ နားမထောင်ရင်တော့ ဘေးတွေ့မှာပဲ။ လက်တွေ့မလုပ်နိုင်လို့ ပညာရှင်မဟုတ်ဘူးလို့တော့ ပြောလို့မရဘူး။
ဘိုးရာဇာက မွန်ဘုရင် ရာဇာဓိရာဇ်ကို စစ်သွားတိုက်ရမယ့် အချိန်မဟုတ်လို့ မတိုက်ပါနဲ့ ပြောတာကို နားမထောင်တဲ့ ဘုရင်မင်းခေါင်လည်း တပ်ကိုထားခဲ့ပြီးတော့ ဆင်စီးပြီး ခွေးပြေးဝက်ပြေး ကိုယ်လွတ်
ရုန်းပြီး ပြေးခဲ့ရတာပဲ။
ငါက လက်တွေ့လုပ်နေသူဆိုပြီး ပညာရှင်တွေကို မထေ့မဲ့မြင် မပြုမိကြဖို့ လိုပါတယ်။

Ashin Khema Nanda (https://www.facebook.com/profile.php… )
*********************************************************************
ဗဟုသုတ နဲ့ အထူးအဆန်းသုတရသ လိုချင်သူများ သုတဇုန်ကို likeထားပါဗျို့ :)
‪#‎သုတဇုန်‬
www.facebook.com/thutazone
http://thutazone.blogspot.com