သူ့တွင် နိုင်ငံရေးဝိဥာဉ်ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး တခုတည်း ကိုသာ လုပ်သော လူတဦး ဖြစ်၏။ သူသည် ရိုင်း၏၊ ကြမ်း၏၊ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခံခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်း မဟုတ်။ တခုတည်းသော ယုံကြည်ချက်နှင့် တခုတည်းကိုသာ မဲ၍ လုပ်သော နိုင်ငံရေး သတ္တ၀ါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။
၁၉၄၂-၄၃ ခုနှစ်တွင် သူနှင့်နောက်ဆုံးတွေ့၏။ သူသည် အနုပညာ အကြောင်းကို ပြောပြ၏။
' အနုပညာဆိုတာ ရှိတာပဲ၊ လင်မယား ဘ၀မှာလဲ အနုပညာမဲ့ရင် လင်မယား ကွဲမှာပေါ့။ ဒီလိုပဲ တော်လှန်ရေးမှာလည်း အနုပညာရှိတာပဲ။ အနုပညာ မြောက်မှ တော်လှန်ရေးဟာလဲ တကယ့် တော်လှန်ရေး အစစ်ပဲ ။
ဆရာမ ဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစ လက်မထပ်ခင် ၃ - ၄ ရက် အလိုက ကိုဗဟိန်းကို လာရှာရင်း ကျွန်တော်သွားတွေ့၏။ သူသည် ဧည့်ခန်းရှိ အဖုံးပိတ် ရှိသော စန္ဒယားတွင် လက်ထောက်ကာ "ဒီမယ်... အိမ်ထောင်ပြုတယ် ဆိုတာ သိပ်စဉ်းစားတွေဝေနေလို့ မရဘူးဗျ။ တခါထဲ ဇွတ်လုပ်လိုက်ရတယ်..." ဟု မမေးပဲ သူဘာသာသူပြောနေ၏။
လက်ထပ်ပြီးစက ကျွန်တော်ရေးလျက်ရှိသော လွတ်လပ်ရေး ကြိုးပမ်းမှုစာအုပ်နှင့် ပတ်သတ်၍ သူနှင့်တိုင်ပင်ရန် အင်းလျားကန်စောင်းရှိ သူ့အိမ်သို့ရောက်သွား၏။ဧည့်ခန်းတွင် ခေတ္တစောင့်နေရ၏။ ထွက်လာသောအခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကို တွေ့ရ၍ မပြုံးမိအောင် ဟန်ဆောင်နေရ၏။
သည့်နောက်သူနှင့် ကျွန်တော်မတွေ့တော့။ တွေ့ဆုံဖို့လည်းအကြောင်းမရှိ။ အကြောင်းမရှိဘဲ သူ့ဆီ သွားလည်လည်း ဖော်ဖော်ရွေရွေ လောကွက်ပျူငှာခေါ်မည့် လူစားမျိုးလဲ မဟုတ်။
တခါက ဗိုလ်ချုပ်ဘ၀တွင် မော်တော်ကာကြီးထဲ၌ သူ၏ဇနီး၊ ကလေးများ နှင့် တပြုံကြီးကို မြင်လိုက်ရ၏။ 'အော်...သားနဲ့မယားနဲ့မို့ လူစိတ်တော်တော်ပေါက်လာပြီ၊ အရင်ကလို 'ကြောင်' တော့မည်မဟုတ်၊
အကြမ်း အရိုင်း မှယဉ်ကျေးတော့မည်" ဟု အောက်မေ့လိုက်၏။မှန်မမှန်ကား မပြောတတ်။
ဖဆပလ ဥက္ကဌ၊ အမျိုးသားခေါင်းဆောင် ဦးအောင်ဆန်း ကိုကား ကျွန်တော်မသိ။ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်း မဟုတ်၊ သူ၏ လူအဖြစ်သာ ကျွန်တော်သိသည့် အထိ ပြောပြခြင်း ဖြစ်ပေသည်။
တခုတော့ ထင်သည်။ သူသည် လူထဲမှ လူတဦး ဖြစ်၍ လူထုနှင့် ဆက်စပ် နေ၍ လူထုခေါင်းဆောင် ဖြစ်လာသည် ဖြစ်လိမ့်မယ်။
ဒဂုံတာရာ (အောင်ဆန်း(သို့) အရိုင်း စာအုပ်မှ)
*********************************************************************
ဗဟုသုတ နဲ့ အထူးအဆန်းသုတရသ လိုချင်သူများ သုတဇုန်ကို like
ထားပါဗျို့ :)
#သုတဇုန်
www.facebook.com/thutazone
www.thutazone.blogspot.com