Mobile Phone ဆိုတဲ့ ဒီမရှိမဖြစ်တဲ့ကိရိယာလေးကြောင့် တပါးသူကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ နည်းတွေကတော့ အများကြီးပါ။ အရေးအကြီးဆုံးကတော့ ဒီအသုံးဝင်တဲ့ ကိရိယာလေးဟာ သင်နဲ့ ခါးမှာ ဆက်ထားတာ မဟုတ်ဘူးဆိုတာကို မမေ့ဖို့ပါပဲ။ အချိန်တိုင်းမှာ လက်ကိုင်ဖုန်းရဲ့ ကောင်းသော ကျင့်ဝတ်များကို သတိထားနေဖို့က အရေးကြီးပါတယ်။
သင့်လက်ကိုင်ဖုန်းမြည်သံ ringtone ကို အရင် စဉ်းစားကြည့်ပါ။ သင်ရဲ့ ringtone ကို သင်ကိုယ်တိုင် အချိန်တိုင်းမှာ သည်းညည်းခံနိုင်ရဲ့လား? သင့်အနေနဲ့ ရထားစီးနေတုန်း၊ ရုံးခန်းထဲမှာ နေနေတုန်း၊ အမေ့ဆီကို သွားလည်နေတုန်း အစရှိတဲ့ တချို့သော အခြေအနေတွေမှာ ဒီလက်ကိုင်ဖုန်းရဲ့ မြည်သံကြောင့် အခက်ကြုံခဲ့ရဖူးတယ်ဆိုရင် အဲဒီ ဖုန်းမြည်သံဟာ မှားယွင်းတဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။ သင့်ဖုန်းမြည်သံရဲ့ အတိုးအကျယ်ကို စောင့်ကြည့် နေပါ။ ကျယ်လောင်စူးရှစွာ မြည်ထွက်လာလို့ ခေါင်းတွေ သင့်ဘက်လှည့်ကြည့်လာတယ်ဆိုရင်တော့ မြည်သံ ဟာ အရမ်းကို ကျယ်လောင်နေပါတယ်။
သင့်ရဲ့ လက်ကိုင်ဖုန်းကို အမြဲတမ်းတုန်ခါနေအောင် (vibrate) လုပ်ထားလို့ရတယ်ဆိုတာကို မမေ့ပါနဲ့။ မမြင်ရ၊ မကြားရတဲ့ လက်ကိုင်ဖုန်းကို ဖြေဖို့အတွက် သင် အလိုလို ရုတ်တရက်ကြီး လှုပ်ရှားသွားတာကို မြင်ရတဲ့ သင့်သူငယ်ချင်းတွေဟာ အံ့သြသွားကြမှာဖြစ်ပေမဲ့ သူတို့ဟာ အနည်းဆုံးတော့ ကျယ်လောင်တဲ့ ဖုန်းမြည်သံကို ကြားရခြင်းကနေ ချမ်းသာရာ ရသွားမှာ ဖြစ်ပါတယ်။
လက်ကိုင်ဖုန်းနဲ့ စကားပြောတဲ့အခါ တခြား သူတွေကို အနှောက်အယှက်မဖြစ်စေဘူးဆိုတာကို သေချာ အောင်လုပ်ပါ။ ရင်းနှီးသော (intimate) အပြောအဆိုတွေကို တခြားသူတွေရှေ့ မှာပြောတာ မသင့်တော်ပါဘူး။ မိမိနှင့် တစ်ပါးသူရဲ့ နှောက်ယှက်မှုကင်းသော သီးသန့် နေထိုင်လိုမှု (privacy)ကို လေးစားပါ။
အများမျက်မြင်ရှေ့မှာ ညစ်ညမ်းသော စကားအသုံးအနှုန်းကို အသုံးပြုတာတွေ၊ ပြင်းထန်တဲ့ ရန်ဖြစ်ခြင်း တွေ၊ ငွေကြေးအကြောင်းပြောတာတွေ၊ လိင်အကြောင်း (သို့) ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေအကြောင်း ပြောတာတွေကို မလုပ်ပါနဲ့။ ကား၊ ရထားစသည်တို့ ပေါ်မှာ သတ်မှတ်ထားတဲ့ "quiet zones" (ဆိတ်ငြိမ်သောနယ်မြေ) အတွင်းမှာ ဆိုရင် လက်ကိုင်ဖုန်းကို မသုံးပါနဲ့။ "quiet zone" ထဲမှာ မဟုတ်ရင်တောင်မှ သတင်းစာကို ဖတ်ပြီး ပုံမှန်ခရီးဝေး ကို အလုပ်ဆင်းသူတွေပါရှိပြီး တိတ်ဆိတ်နေတဲ့ လူစီးတွဲမှာ သင့်အသံက အာရုံပျက်စေတယ်ဆိုတာကို သတိ ထားပါ။ လိုင်းဆက်သွယ်မှုမကောင်းလို့ တစ်ဖက်က ပြောတာကို မကြားရရင် လိုင်းပြဿနာရှိကြောင်း ရှင်းပြပြီး ဖုန်းကို ချလိုက်ပါ။
သင့်ရဲ့ လက်ကိုင်ဖုန်းဟာ အော်လန်မဟုတ်တဲ့အတွက် အော်မပြောပါနဲ့။ လိုင်းမကောင်းလို့ ဖမ်းယူနိုင်မှု (reception) မရရင် သည်းခံလိုက်ပါ။ အလုပ်မလုပ်တော့တဲ့ phone (dead phone)ထဲကို အော်ပြောလိုစိတ်ကို အောင့်အည်းထားပါ။ ဖုန်းလိုင်းပြန်ကောင်းမှပဲ တစ်ဖက်လူကို နှုတ်ဆက်ဖို့ပဲဖြစ်ဖြစ်၊ ပြန်ဆက်သွယ်လိုက်ပါ။
သက်မဲ့ကိရိယာထက် သက်ရှိလူသားတွေကို အလေးထားမှု ပိုပြသင့်ပါတယ်။ ဒါ့ကြောင့် လူမှုရေးအရ ဆက်ဆံနေရတဲ့အခါ ဖြစ်နိုင်သမျှ သော နေရာတိုင်းမှာ သင့်လက်ကိုင်ဖုန်းကို ပိတ်ထားပါ။
သင့်လက်ကိုင်ဖုန်းကို ထမင်းစားပွဲပေါ် တင်မထားပါနဲ့ (သို့) စကားပြောနေရင်းတန်းလန်းနဲ့ ဖုန်းကို မက် မက်မောမောလှမ်းမကြည့်ပါနဲ့။ ဘဏ်တိုက်ထဲ၊ ဆိုင်တွေထဲ၊ ဘတ်(စ်)ကားပေါ် အစရှိတဲ့ နေရာတွေမှာ တခြား သူနဲ့ လုပ်ငန်းကိစ္စကို တေ့တေ့ဆိုင်ဆိုင်ပြောဆိုနေစဉ်အတွင်း ဖုန်းစကားပြောနေခြင်းကို ဆက်မလုပ်ပါနဲ့။ ကိုယ့်ကို ၀န်ဆောင်မှုပေးနေတဲ့ သူအပေါ် ဂရုစိုက်မှုအပြည့်အ၀ မပေးတာဟာ စော်ကားရာ ကျပါတယ်။
မဆီလျော်တဲ့ နေရာတွေကနေ ဖုန်းမဆက်ပါနှင့်။ ဥပမာ-ရေချိုးခန်းကနေ ဖုန်းခေါ်တာဟာ အင်မတန်မှ စိတ်အနှောက်အယှက်ဖြစ်စရာကောင်းပါတယ်။ အစည်းအဝေးခန်းမ၊ ပြဇာတ်ရုံတွေ၊ ရုပ်ရှင်ရုံ အစရှိတဲ့ နေရာတွေကို သွားမယ်ဆိုရင် ဖုန်းကို ပိတ်သွား(သို့) vibrate လုပ်သွားပါ။ Bluetooth နားကြပ်တွေဟာ စိတ်ချရပြီး၊ တရားဝင်တဲ့အတွက် ကားထဲမှာသုံးဖို့ဆိုရင် အကောင်းဆုံးပါပဲ။
တစ်စုံတစ်ယောက်နဲ့ လူမှုရေးအရ တွေ့ဆုံနေစဉ်အတွင်း အရေးကြီးတဲ့ ဖုန်းကို စောင့်နေရတယ် ဆိုရင်လည်း အရေးကြီးတဲ့ ဖုန်းတစ်ခု လက်ခံစရာရှိတယ်ဆိုတာကို အစကတည်းက ကြိုတင်ပြီး တောင်းပန်ထားပါ။ ဒါမှမဟုတ် ခွင့်ပန်ပြီး ဖုန်း ခေါ်လို့ လက်ခံလို့ရတဲ့ သီးသန့်တစ်နေရာရာကို သွားလိုက်ပါ။
