နိုင်ငံတနိုင်ငံမှာ စက်ရုံအလုပ်ရုံတွေဟာ အစွမ်းကုန်လည်ပတ်ပြီး ကုန်ထုတ်နေကြတယ်။ ကုမ္ပဏီတွေလဲ အရမ်းအလုပ်ကောင်းပြီး အမြတ်အစွန်းတွေရနေတယ်။ အလုပ်လက်မဲ့လဲ မရှိသလောက်ဖြစ်နေတယ်။ ဒါဆိုရင် အဲဒီနိုင်ငံရဲ့စီးပွားရေးအရမ်းတိုးတက်နေတယ်လို့ ပြောကြတယ်။ အဲဒီလိုဖြစ်လာရင် စီးပွားရေး နားလည်တဲ့အစိုးရဟာစိုးရိမ်လာတယ်။
စီးပွားရေးအရမ်းတက်နေတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဖူးဆိုတာ စီးပွားရေးပညာရှင်တိုင်းလဲ သိကြတယ်။ ဟင် အဲဒါ ဘာမကောင်းလို့လဲ။ စီးပွားရေးကောင်းလွန်းလာရင် နိုင်ငံမှာအလုပ် လက်မဲ့ နည်းပါးလာတယ်။ ဒီတော့ လုပ်ငန်းတိုးချဲ့တဲ့စက်ရုံတွေ ကုမ္ပဏီတွေဟာ အလုပ်သမားသစ် စုဆောင်းဖို့ ခက်လာတယ်။ ရှိပြီးသား အလုပ်သမားတွေကိုလဲ အလုပ်မထွက်ချင်အောင် လစာတွေခံစားခွင့်
တွေတိုးပေးနေရတယ်။ သူတို့ကိုတိုးပေးရတဲ့လစာတွေ ခံစားခွင့်တွေကိုကာမိအောင် ထုတ်လုပ်တဲ့ ပစ္စည်းတွေကိုဈေးပိုတင်ရောင်းရတယ်။ ဒါကြောင့် ကုန်ပစ္စည်းတွေဈေးနူန်းကြီးမြင့်လာတယ်။ ကုန်ဈေးနူန်း
တွေတက်လာတယ်။ တက်လာတဲ့ကုန်ဈေးနူန်းတွေနဲ့ကာမိအောင် စက်ရုံတွေ ကုမ္ပဏီတွေက အလုပ်သမားတွေ အစိုးရဝန်ထမ်းတွေကို လစာတိုးပေးရပြန်တယ်။ လစာတွေတိုးလို့ လူတွေလက်ထဲပိုက်ဆံတွေသာအများကြီးရောက်လာတယ်။ ဈေးနူန်းမြင့်လာတဲ့ကုန်ပစ္စည်းတွေကို မဝယ်နိုင်ဘူးဖြစ်နေတယ်။ ဒါကို ငွေကြေးဖေါင်းပွမှုနူန်းမြင့်တက်တယ်လို့ခေါ်ပါတယ်။
အဲဒီလို ကုန်ဈေးနူန်းတက်လိုက် လစာတိုးပေးလိုက် တခါကုန်ဈေးနူန်းပြန်တက်လိုက်နဲဖြစ်နေရင် သံသရာဆုံးမှာမဟုတ်တော့ဘူး။ ဒီလိုမျိုးဖြစ်လာရင် အစိုးရရဲ့ဗဟိုဘဏ်အခန်းကဏ္ဍရောက်လာပါပြီ။ ဗဟိုဘဏ်အနေနဲ့ဘာလုပ်မလဲ။ စီးပွားရေးတိုတက်နူန်းနှေးကွေးသွားအောင်လုပ်ရပါတယ်။ ဘယ်လိုလုပ်မလဲ။ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို ငွေချေးပေးရာမှာ ယူတဲ့အတိုးနူန်း ကိုမြှင့်တင် လိုက်ပါတယ်။ ဒီတော့ ပုဂ္ဂလိကဘဏ်တွေကလဲ စီးပွားရေးလုပ်ငန်းရှင်တွေ လူတွေကို အတိုးနူန်းမြှင့် တင်ငွေချေးပေးရပါတော့တယ်။ အတိုးနူန်းတက်လာလို့ လုပ်ငန်းရှင်တွေငွေချေးတာနဲသွားပြီး လုပ်ငန်းတိုးချဲ့ တာတွေနဲသွားမယ် ရပ်သွားမယ်။ စီးပွားရေးကျသွားမယ်။ တခါ လူတွေလဲ အတိုးနူန်းကြောင့် ဘဏ်က ပိုက်ဆံချေးသူနည်းပါးသွားမယ်။ လူတွေလက်ထဲပိုက်ဆံနဲသွားလို့ ကုန်ပစ္စည်းတွေဝယ်သူလျော့နဲသွားမယ်။ ဝယ်သူနဲသွားလို့ စက်ရုံ အလုပ်ရုံတွေလဲ ကုန်ပစ္စည်းတွေလျှော့ထုတ်ကြမယ်။ စီးပွားရေးကျဆင်းသွားမယ်။
ဘာလို့ဗဟိုဘဏ်က နိုင်ငံရဲ့စီးပွားရေးအရမ်းတိုးတက်နေတာနဲ့ငွေကြေးဖေါင်းပွနေမှုနူန်းကိုဝင်ထိန်းရ
တာလဲ။ ပြည်သူတွေ ကုန်ဈေးနူန်းကြီးမြင့်ဒဏ်ခံနေရတဲ့ဒုက္ခလျော့ပါးစေဖို့ပါ။ ဒါ့အပြင်အရေးကြီးတာ ရှိသေးတယ်။ နိုင်ငံခြားက ငွေကြေးသန်းချီ ဘီလီယံချီပြီးရင်းနှီးမြုပ်နှံထားသူတွေဟာ သူတို့ရင်းနှီးမြုပ်နှံ ထားတဲ့နိုင်ငံရဲ့စီးပွားရေးတည်ငြိမ်မှု(စီးပွားရေးအတက် အကျမြန်တာကောင်းတဲ့လက္ခဏာမဟုတ်ပါ) နဲ့ငွေကြေးဖေါင်းပွမှုနူန်းတွေကိုအမြဲစောင့်ကြည့်နေကြတယ်။
နိုင်ငံတခုရဲ့စီးပွားရေးဟာ အရမ်းတက်နေရင်(အရမ်းကျနေရင်)ရယ် ငွေကြေးဖေါင်းပွမှုနူန်း အရမ်းမြင့်တက်လာပြီဆိုရင် သူတို့ဟာ အဲဒီနိုင်ငံမှာ ရင်းနှီးထားတဲ့ငွေကြေးတွေချက်ခြင်းထုတ်ယူပြီး အခြားနိုင်ငံမှာ သွားရင်းနှီးမြုပ်နှံပါလိမ့်မယ်။ နိုင်ငံ့စီးပွားရေးဟာ ရုတ်တရက်ချက်ခြင်းပြိုလဲသွားနိုင်တယ်။ ဒီလိုဖြစ်မှာကို အစိုးရတိုင်းက အရမ်းကြောက်ကြတယ်။ ဒါကြောင် အစိုးရရဲ့ဗဟိုဘဏ်က လိုအပ်ရင် ဝင်ထိန်းပေးလေ့ရှိပါတယ်။
နိုင်ငံတခုဟာ စီးပွားရေးအရမ်းတက်လာရင် ငွေကြေးဖေါင်းပွမှုနူန်းလဲလိုက်ပြီး မြင့်တက်လာတတ်တာ စီးပွားရေးနိယာမတခုပါ။ ဒါပေမဲ့ မြန်မာနိုင်ငံကတော့စီးပွားရေးလဲမတိုးတက်ပဲ ငွေကြေးဖေါင်းပွမှုနူန်းမြင့်နေ
တာတော့ ဘယ်လိုပြောရမှန်းမသိပါ။ တခုခုတော့ မှားနေပြီလို့ထင်တာပဲ။
ရေးသားသူ ဗန်းမော်သိန်းဖေ